ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ

စန္ဒာခင်(ယဉ်ကျေးမှု)

အပိုင်း(၂)

ရွေးချယ်မ

ဘာကြောင့် ပျူ(၃)မြို့ကို ဦးစွာရွေးချယ်ခဲ့သည်ဆိုတာ ရှင်းပြလိုပါသည်။ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှု တွင် သမိုင်းမတင်မီခေတ်ယဉ်ကျေးမှု၊ သမိုင်းတင်ခေတ်အစောပိုင်းယဉ်ကျေးမှု၊ သမိုင်းခေတ်ယဉ်ကျေးမှု ဟူ၍ အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာခဲ့သည် ။ ပြဒါးလင်းဂူကဲ့သို့သော ကျောက်ခေတ် အမွေအနှစ် (သမိုင်းမတင်မီ ခေတ်ယဉ်ကျေးမှု)၊ ကြေးခေတ်၊ သံခေတ်အမွေအနှစ်များ (သမိုင်းတင်ခေတ် အစောပိုင်း ယဉ်ကျေးမှု)၊ ပုဂံ၊ မြောက်ဦး၊ သထုံ၊ အင်းဝ၊ ဟံသာတီ၊ မန္တလေး … စသည် စသည်ဖြင့် သမိုင်းခေတ် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိနေပြီး ယခု ပျူမြို့ဟောင်းများသည် –

  • သမိုင်းတင်ခေတ်အစောပိုင်းကာလ ယဉ်ကျေးမှု(Proto-historic culture)၏ မြို့ပြ ယဉ်ကျေးမှု (Urbanization) နှင့် မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့ခြင်း၏ ခိုင်မာသောအထောက်အထား တစ်ရပ်ဖြစ်ခြင်း၊
  • အရှေ့တောင်အာရှဒေသတွင်းရှိ အစောဆုံးသော ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုနှင့်အတူ ဗုဒ္ဓ ယဉ်ကျေးမှုကို အခြေခံ၍ တည်ဆောက်ထားသော မြို့ပြယဉ်ကျေးမှုတစ်ရပ်ဖြစ်ခြင်း၊
  • မြေပေါ် ၊ မြေအောက်အထောက်အထားများ ကြွင်းကျန်တည်ရှိနေသကဲ့သို့ ရာစုနှစ်တစ်ခု မက ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု လေ့လာခဲ့မှုတို့ကြောင့် တိကျခိုင်မာသော သက်သေအထောက် အထားများ ရှိနေခြင်း၊
  • တွေ့ရှိရသော ယဉ်ကျေးမှုအမွေအနှစ်၊ အထောက်အထားတို့ကို ခေတ်မီနည်းစနစ်ဖြင့် သိပ္ပံ နည်းကျ သက်တမ်း (Carbon Dating) တွက်ချက်ရာတွင်လည်း တိကျခိုင်မာသောကာလ၊ ခုနှစ် သက္ကရာဇ် တို့ကိုလည်း ဖော်ထုတ်တင်ပြနိုင်ခြင်း စသည်တို့ကြောင့် ဦးစားပေးရွေးချယ်တင်သွင်း ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့်သတ်မှတ်ခြင်း

ကမ္ဘာ့အမွေအနှစ်စာရင်းသတ်မှတ်နိုင်ရေးအတွက် အခြေခံအားဖြင့် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများ (Outstanding Universal Value) (Outstanding Universal Value)ရှိခြင်း၊ တိကျသော နယ်နိမိတ် သတ်မှတ်ချက်၊ ထိန်းသိမ်းမှု၊ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှု စသောတန်ဖိုးနှင့် ဆောင်ရွက်ချက်တို့ ပြည့်စုံ လုံလောက်မှုရှိရန် လိုအပ်ပါသည်။ သို့ပါ၍ ပျူမြို့ဟောင်း(၃)မြို့ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေး အတွက် အောက်ဖော်ပြပါတန်ဖိုးနှင့် ဆောင်ရွက်ချက်များကို  လေ့လာဆန်းစစ်ပြီး ဆုံးဖြတ်သတ်မှတ် ခဲ့ပါသည် –

Picture4

ကမ္ဘာ့လုံးဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်(Outstanding  Universal  Value)

ပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ်စာရင်းင် ဖြစ်ရေးအတွက် အခြေခံလေ့လာ ဆန်းစစ်ချက်တစ်ခုမှာ ကမ္ဘာ့လုံးဆိုင်ရာစံတန်ဖိုး (သို့မဟုတ်) ကမ္ဘာ့အဆင့်မီစံတန်ဖိုး ရှိ/မရှိ သုံးသပ်ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ အဆင့်မီစံတန်ဖိုး ဆန်းစစ်ချက်တွင် ပျူမြို့ဟောင်းများ၏ ခိုင်မာမှုရှိခြင်း (Integrity)၊ စစ်မှန်မှုရှိခြင်း (Authenticity)၊ စံတန်ဖိုး(၂)၊ စံတန်ဖိုး(၃)၊ စံတန်ဖိုး(၄) တို့ဖြင့် ကိုက်ညီမှုရှိကြောင်းတို့ကို သတ်မှတ် ဆုံးဖြတ်နိုင်ခဲ့ပါသည်။

ခိုင်မာမှုရှိခြင်း(Integrity) ဆိုရာမှာ ပျူမြို့ဟောင်းများသည် ရှေးမြို့ပြမြို့ဟောင်းများ ဖြစ်သဖြင့် ရှေးဟောင်း သုတေသနဆိုင်ရာ အထောက်အထားတွေ့ရှိမှုတို့သည် မူလသဘာဝ အခြေအနေအတိုင်း (In Situ) ဖြစ်နေခြင်း၊ တင်ပြသတ်မှတ်ထားသည့် မြေအောက်ရှိ ယဉ်ကျေးမှု အထောက်အထားများမှာလည်း ပျက်စီး၊ ဖျက်ဆီးမှုမရှိဘဲ မူလသဘာဝအတိုင်း တည်ရှိနေခြင်း၊ ပျူမြို့ဟောင်းများ၏ မြို့ပြစနစ်နှင့် ဖွဲ့တည်ပုံဖြစ်သော အခြေအနေ၊ မြို့ရုံး၊ ကျုံး …စသည့် ကြွင်းကျန်ရစ်သော အထောက်အထားများသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကာလကတည်ဆောက်ခဲ့သောအနေအထားတို့ကို ကောင်းစွာဖော်ပြ နိုင်ခြင်း၊ စံတန်ဖိုး(၂)၊(၃)၊(၄)ဆိုင်ရာ အထောက်အထား၊ လက္ခဏာများကို ကောင်းစွာဖော်ထုတ်ပြသနိုင် ခြင်း၊   ရှေးဟောင်း သုတေသန အထောက်အထား များကို ခေတ်မီသိပ္ပံနည်းဖြင့် ဓာတ်ခွဲစမ်းသပ်ရာတွင် တိကျ ခိုင်မာသော ခေတ်ကာလသက်တမ်း သတ်မှတ်နိုင်ခြင်း၊ ဗိသုကာ လက်ရာနှင့်စာပေမှတ်တမ်း ဆိုင်ရာ အထောက်အထားတို့မှရရှိလာသည့်  လေ့လာသုတေသနပြုချက် တို့ကလည်း ဖော်ပြပါ ခေတ်ကာလ သက်တမ်းသတ်မှတ်ချက်ကို  ကောင်းစွာအထောက်အပံ့ ပေးနိုင်ခြင်းနှင့် အတူ နှစ်ပေါင်းတစ်ထောင်ခန့် ရှင်သန်၊ ဖွံ့ဖြိုးတိုးတက်မှုရှိကြောင်းတို့ကိုလည်း သက်သေပြနိုင်ပေသည်။ ပျူမြို့ဟောင်း (၃)မြို့စလုံး၌ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာပြုပြင် ဖန်တီးနိုင်ခဲ့သော လယ်/ယာစိုက်ပျိုးမှု လုပ်ငန်းအတွက် အရေးပါသော တူးမြောင်းများ၊ ရေကန်များသည် ပျူယဉ်ကျေးမှုကာလမှသည် ယနေ့တိုင် အသုံးပြု လျက်ရှိသော အထောက်အထားများဖြစ်ခြင်း၊ ပျူမြို့ဟောင်း(၃)မြို့ရှိ ကြွင်းကျန်တည်ရှိနေသော အဆောက်အအုံများ၊ ရှေးဟောင်းသုတေသန အထောက်အထား များနှင့် တူးဖော်တွေ့ရှိရသည့် ဝတ္ထုပစ္စည်းများသည် မြို့ဟောင်း(၃)မြို့၏ ယဉ်ကျေးမှုတန်ဖိုးနှင့် ဖွံ့ဖြိုးတိုးတက် လာမှုကိုလည်း ကောင်းစွာ သက်သေပြနိုင်ခြင်း စသည်တို့သည် ပျူမြို့ဟောင်းများ၏ ခိုင်မာမှုရှိခြင်း(Integrity)၏ သက်သေ များ ဖြစ်ပါသည်။

Untitled-1

စစ်မှန်မှုရှိခြင်း(Authenticity) ဆိုသည်မှာ ပျူမြို့ဟောင်းများရှိ ရှေးဟောင်း ဘုရားပုထိုး၊ အဆောက်အအုံနှင့် မြို့ပြဖွဲ့တည်ပုံတို့သည် မူလအတိုင်း ရှေးမူလက်ရာမပျက် တည်ရှိနေခြင်း၊ ယနေ့တိုင် လက်ခံကျင့်သုံးလျက်ရှိသည့် ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးတမ်းများသည်လည်းကောင်း၊ လယ်ယာ စိုက်ပျိုးမှုနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များသည် လည်းကောင်း၊  ရေအသုံးချမှု စနစ်သည် လည်းကောင်း၊ ပျူခေတ်ကာလ၏ မူလ၊ သဘာဝကို အခြေခံ၍ ဆက်လက်အသုံးပြုနေခြင်း၊ ရှေးဟောင်း သုတေသနဆိုင်ရာ လေ့လာမှုအရ မြို့ပြတည်ပုံသည် မူလ၊ သဘာဝအနေအထားအတိုင်း တည်ရှိနေခြင်း၊ အဆိုပါကာလမှသည် ယနေ့တိုင် ရှေးခေတ်ဟောင်း ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်း (Cultural Lanscape)ပြောင်းလဲမှုမရှိခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများကို လေ့လာပြန်လျှင် လည်း ဒေသ တွင်းမှ ရရှိသော အရင်းအမြစ်ကိုသာ အသုံးပြု၍ တီထွင်ဖန်တီးထားခြင်း၊ စသည်တို့သည် ပျူမြို့ဟောင်းများ ၏ စစ်မှန်သော အထောက်အထားလက္ခဏာများ ဖြစ်ကြ ပါသည်။

Untitled-3

ခိုင်မာမှုရှိခြင်း၊ စစ်မှန်မှုရှိခြင်းတို့အပြင် ကမ္ဘာ့အဆင့်မီစံတန်ဖိုး(Criteria)များတွင်လည်း အောက်ပါ အချက် တို့နှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်-

စံတန်ဖိုး(၂)(Value/Interchange) ခရစ်နှစ်မတိုင်မီနှစ်ရာခန့်က အိန္ဒိယ မှ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုတို့ ရောက်ရှိလာပြီး မိမိတို့၏ မူလယဉ်ကျေးမှုနှင့် ပေါင်းစပ်ဖန်တီးကာ ဗုဒ္ဓဘာသာကို အခြေပြုသော လူမှုအဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်ခဲ့ခြင်း၊ ဒေသခံပျူလူမှု အဖွဲ့အစည်းသည် အရှေ့တောင်အာရှဒေသတွင် ဗုဒ္ဓဘာသာကို အခြေခံသည့် ပထမဆုံးသော လူမှုအဖွဲ့အစည်း တစ်ရပ်ဖြစ်ခြင်း၊ ထို့အတူ ပျူခေတ်ဗုဒ္ဓဘာသာဆိုင်ရာ အထောက်အထား၊ ဓလေ့ထုံးစံတို့ကို ခရစ်နှစ် (၅)ရာစုနှောင်းပိုင်း ပေါ်ထွန်းလာသော မြို့ပြလူမှုအဖွဲ့အစည်းတို့တွင် လက်ခံကျင့်သုံးကြခြင်း၊ လယ်သမားမှ သည် အုပ်စိုးသူအထိ လူတန်းစားအသီးသီး၊ အလွှာအသီးသီးမှ လက်ခံကျင့်သုံးလာခဲ့ခြင်း၊ အထင်ကရ တွေ့မြင်နေရသည့် အုတ်ဖြင့် ပြုလုပ်ထားသော အထိမ်းအမှတ်စေတီပုထိုးများ၊ ထုံးဓလေ့ ဆိုင်ရာအဆောက်အအုံ များကို ဖန်တီးနိုင်ခြင်း၊ အချို့သော အဆောက်အအုံများကို ပုံတူယူထားသော်လည်း အချို့ကိုမူ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင် ဟန်ဖြင့် တီထွင်ဖန်တီးနိုင်ခဲ့ခြင်း။

Untitled-6 Untitled-7

စံတန်ဖိုး(၃)(Testimony) ပျူမြို့ဟောင်းများသည် အရှေ့တောင်အာရှဒေသတွင် ပထမဆုံးသော ဗုဒ္ဓအခြေပြု မြို့ပြယဉ်ကျေးမှုအဖြစ် သမိုင်းမှတ်တမ်း အထောက်အထားဖြစ်ခြင်း၊ ဗုဒ္ဓဘာသာ၏ ဓမ္မနှင့် သံဃာအဖွဲ့ အစည်းကို ခိုင်မာစွာတည်ထောင်နိုင်ခဲ့ခြင်း၊ ရာသီဥတုအပေါ် အခြေခံ၍ ရရှိလာသော ရေအရင်းအမြစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း၊ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုနှင့်အတူ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်လာရာ မူလ သစ်၊ ဝါး ဆောက်လုပ်နေသည့် အတတ်ပညာကို အခြေခံပြီး အုတ်အဆောက်အအုံ ဗိသုကာပညာရပ် ကောင်းစွာဖွံ့ဖြိုး တိုးတက်ခဲ့ခြင်း၊ သေဆုံးသူတို့ကို မီးရှို့၊ အရိုးနှင့်ပြာကို ကောက်ယူ၍ အိုးတွင်ထည့်သွင်း မြှုပ်နှံသည့်ဓလေ့ရှိခြင်း (ပျူအရိုးအိုးမြှုပ်နှံမှုဓလေ့)၊ ပျူမြို့ဟောင်းများသည် အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ် ကူးသန်းရောင်းဝယ်မှုရှိခြင်း၊ ကူးသန်းသွားလာမှုနှင့်အတူ ပါဠိစာပေအခြေပြု ဗုဒ္ဓသာသနာ ဖြန့်ဖြူးနိုင်ခြင်း။

Untitled-5

စံတန်ဖိုး(၄)(Typology) စနစ်ကျ၍ ဖွံ့ဖြိုးတိုးတက်သော မြို့ပြစနစ်နှင့် မြို့ပြအဆောက်အအုံများကို ဖန်တီး တည်ဆောက်နိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ရေအရင်းအမြစ်များကို စီမံခန့်ခွဲနိုင်ခြင်း၊ လယ်ယာ စိုက်ပျိုးရေး၊ ကျောက်၊ ကြေး၊ သံ၊ အုတ်တို့ကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အစောဆုံး၊ ဧရိယာအကျယ်ဆုံး၊ သက်တမ်း အရှည်ကြာဆုံးသော ဗုဒ္ဓအခြေပြုမြို့ပြအဖြစ် အရှေ့တောင် အာရှဒေသတွင် ပေါ်ထွန်းခဲ့ခြင်း၊ ပျူမြို့ပြစနစ်၏ အရေးပါသော လက္ခဏာများအဖြစ် မြို့ရိုးနှင့် ကျုံးပတ်လည်၊ အချိတ်အဆက်ရှိသော လမ်းများ၊ တူးမြောင်းများ၊ ဘာသာတရားကို အထွဋ်အမြတ်ထားမှုနှင့်အတူ ဘာသာရေး ဆိုင်ရာအဆောက်အအုံများကို သဘာဝ ပတ်ဝန်းကျင်ကို အခြေခံပြီး တင့်တင့်တယ်တယ်ဖြစ်အောင် ဖန်တီး တည်ဆောက် နိုင်ခဲ့ခြင်း၊ စေတနာထက်သန်မှုနှင့်အတူ စိတ်ကူးစိတ်သန်း အကြံဉာဏ်သစ်များကို ဖန်တီးဖော် ဆောင်နိုင်ခြင်း၊

Untitled-2 Untitled-4

ဖော်ပြပါ ကမ္ဘာ့အဆင့်မီစံတန်ဖိုးများရှိရုံသာမက အောက်ဖော်ပြပါ ဆောင်ရွက်ချက်ကိုပါ သုံးသပ် ဆုံးဖြတ်ခဲ့သည် –

နယ်နိမိတ်အတိုင်းအတာ(Boundary) မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်ဒေသများအား ကာကွယ် ထိန်းသိမ်းနိုင်ရေးအတွက် ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ တစ်ခုပြီး တစ်ခု ဇုန်နယ်နိမိတ်များ (Boundary) သတ်မှတ်ခဲ့ရာ ပျူမြို့ဟောင်းများကိုလည်း တိုင်းတာသတ်မှတ် ပြီးဖြစ်သည်။ အဆိုပြုယဉ်ကျေးမှု အမွေအနှစ်ဧရိယာ (ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် Ancient Monument Zone နှင့် ရှေးဟောင်းနေရာ တည်ရှိရာဇုန် Ancient Site Zone) ဟူ၍လည်းကောင်း၊ ကြားခံဇုန် (ကာကွယ်ထိန်းသိမ်းသောဇုန် Protected And Preserved Zone)) ဟူ၍ ပိုင်းခြား သတ်မှတ်ထားပြီးဖြစ်သည်။

ထိန်းသိမ်းမှု(Conservation)၊ ကာကွယ်မှု (Protection) ပျူမြို့ဟောင်းများ၏ ယဉ်ကျေးမှုအမွေ အနှစ်တို့ကို ရေရှည်တည်တံ့စေရေးနှင့် အနာဂတ်မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်း အမွေပေးနိုင်ရေး တို့အတွက် မြို့ဟောင်း (၃)မြို့လုံးရှိ မြေပေါ်မြေအောက် အဆောက်အအုံများ၊ ရွှေ့ပြောင်းမရသော ဘုရား ပုထိုး၊ သာသနိက အဆောက်အအုံများ၊ နန်းမြို့ရိုးများ၊ အရိုးအိုး အဆောက်အအုံများ စသည် တို့ကို ရေရှည်တည်တံ့စေရေးအတွက် (၁၉၀၃) ခုနှစ်ကတည်းက စတင်ကာ သူ့ခေတ်သူ့နည်းပညာနှင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့သလို အထက်တွင် ဖော်ပြသကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပြဋ္ဌာန်း၍လည်း ထိန်းသိမ်းပါသည်။ ရွှေ့ပြောင်းနိုင်သော အမွေအနှစ် များဖြစ်သည့် စာပေ အရေးအသားပါ ရွှေပေလွှာများ၊ ကျောက် အရိုးအိုးများ၊ ကျောက်စာတိုင် များ၊ ကျောက်ရုပ်ကြွများ၊ ရွှေ၊ ငွေ၊ ကြေး၊ သတ္တုအမျိုးမျိုး၊ ဆင်းတု၊ ရုပ်တု၊ ဒင်္ဂါးအမျိုးမျိုး၊ မြေမီးဖုတ်ရုပ်တု၊ ရုပ်ကြွအမျိုးမျိုး၊ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ လက်ဝတ်ရတနာအမျိုးမျိုး စသည်တို့ကိုလည်း တိုးတက်မပျက်စီးအောင် ထိန်းသိမ်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိ မသွားရလေအောင် ထိုက်သင့်သည့် ဆုကြေးငွေချီးမြှင့်၍လည်းကောင်း၊ ဥပဒေပြဋ္ဌာန်း၍လည်းကောင်း ကာကွယ်ထိန်းသိမ်းလျက်ရှိပါ သည်။

          စီမံခန့်ခွဲမှု (Management) အပိုင်းတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းခြင်း ဆိုင်ရာစီမံခန့်ခွဲမှု (Disaster Risk Management)နှင့် ခရီးသွားဧည့်သည်များဆိုင်ရာ စီမံခန့်ခွဲမှု (Visitor Management)တို့ကိုပါ ဆန်းစစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ Management အပိုင်းကို မဆောင်ရွက်ရသေးသော်လည်း မိမိတို့၏ ကျွမ်းကျင်ပညာရှင်များ၊ UNESCO မှ ကျွမ်းကျင်ပညာရှင် များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်ပြီး အစီအစဉ်များ ရေးဆွဲ၍ စာတွဲ(Nomination Dossier)တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ဖြစ်သည်။ အဆိုပါစီမံခန့်ခွဲမှုများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများ၊ ဒေသခံများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အထက်ပါ တန်ဖိုးများ ရှိကြောင်း ဖော်ထုတ် တင်ပြနိုင်ရမည် ဖြစ်သကဲ့သို့ အဆိုပါအမွေအနှစ် များ ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက် ဆောင်ရွက်ထားရှိမှုနှင့် အတူ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ကိုပါ ရေးဆွဲတင်ပြနိုင် ရမည် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Bookmark the permalink.

Comments are closed.