ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ

စန္ဒာခင်(ယဉ်ကျေးမှု)

အပိုင်း(၅)

Lobby ကိုလည်း အစွမ်းကုန်

          ၂၀၁၄ ခုနှစ်၊ မေလတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ ယူနက်စကိုဌာနရုံးချုပ်ရှိ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ကိုလည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဗဟိုဌာနက ညွှန်ကြားရေးမှူးကို လည်းကောင်း၊ စစ်ဆေးအကြံပေးအဖွဲ့ (ICOMOS)အဖွဲ့တို့နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သလို၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ နိုင်ငံ(၂၁)နိုင်ငံ၏သံအမတ်ကြီးများနှင့်တွေ့ဆုံ၍ ပျူမြို့ဟောင်းများ၏ အရေးပါမှု၊ ပြီးခဲ့သည့် နှစ်ပေါင်း (၁၀၀)ကျော် ကတည်းက ပြည်တွင်း/ပြည်ပ ပညာရှင်အသီးသီး၏ သုတေ သနပြု  ဖော်ထုတ်ထားရှိမှု၊ လက်ရှိကာကွယ်ထိန်းသိမ်း ထားရှိမှုများကို ၎င်းတို့ သဘောပေါက်ေ အာင် အကိုးအကား၊ အထောက်အထား ပြည့်ပြည့်စုံစုံ ခြေခြေမြစ်မြစ် Presentationလုပ် ရှင်းပြခြင်း၊ အလွတ် သဘော မေးမြန်းတိုင်ပင်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှင့် UNESCO ညွှန်ကြားရေးမှူးချုပ် Irina Bokova တို့တွေ့ဆုံနှုတ်ဆက်နေစဉ်

ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှင့် UNESCO ညွှန်ကြားရေးမှူးချုပ် Irina Bokova တို့တွေ့ဆုံနှုတ်ဆက်နေစဉ်

      ဤနေရာတွင် ပြင်သစ်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ အင်္ဂလန်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့ပါ တစ်တပ် တစ်အား ပူးပေါင်း ပါဝင်ခဲ့ခြင်းကြောင့်လည်း ခင်မင်ရင်းနှီးမှုဖြင့် ပိုမိုဖြန့်ကျက်နိုင်ခဲ့ပါသည်။

          ထိုသို့ မိတ်ဖွဲ့ဆွေးနွေး သတင်းအချက်အလက် ရှင်းလင်းဖြန့်ဝေခြင်းများကို မိမိတို့အဖွဲ့အနေဖြင့် ယခုမှသာ မဟုတ်၊ ယခင်ညီလာခံများ၏ အတွေ့အကြုံများ ရယူကာ မိမိတို့အလှည့်တွင် ကန့်ကွက်သူ မရှိအောင်၊ ဆိုင်းငံ့မခံရအောင် ယခုညီလာခံမတိုင်မီ အကြိုကာလများ ကတည်းက မြန်မာကို သိအောင်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ကိုသိအောင် အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ စသည့်တို့တွင် ကြုံတိုင်း မိမိတို့မိတ်ဖွဲ့ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့အမွေအနှစ်အဖွဲ့ဝင်နိုင်ငံများ နှင့်  တွေ့ဆုံပြီး မြန်မာ့ယဉ်ကျေးမှုအကြောင်း ဆွေးနွေး ပြောကြားစဉ်

ကမ္ဘာ့အမွေအနှစ်အဖွဲ့ဝင်နိုင်ငံများ နှင့် တွေ့ဆုံပြီး မြန်မာ့ယဉ်ကျေးမှုအကြောင်း ဆွေးနွေး ပြောကြားစဉ်

ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတက်ရောက်သည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များအား မိတ်ဆက်ဆွေးနွေးပွဲ ကျင်းပစဉ်

ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတက်ရောက်သည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များအား မိတ်ဆက်ဆွေးနွေးပွဲ ကျင်းပစဉ်

       ၂၀၁၄ ခုနှစ်၊ ဇွန်လတွင်တော့ ကာတာနိုင်ငံတွင် ကျင်းပသော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံသို့ ချီတက်ခဲ့ကြသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ပြီး မြန်မာနိုင်ငံ ဗိသုကာ အသင်း နာယက ဆရာကြီး ဒေါက်တာကျော်လတ်၊ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာဝန်ထမ်းများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပါမောက္ခ၊ ပျူမြို့ဟောင်းများက ဒေသခံစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပါဝင်ကြသည့်အပြင် အဆိုပြုစာတွဲ ပြုစု စဉ်က ပါဝင်ခဲ့ကြသော ပြည်ပက ပညာရှင်(၃)ဦးကလည်း မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ကြသည်။ အရွယ်စုံ၊ ပညာစုံ၊ ကဏ္ဍစုံပါဝင်လာ သည်ကလည်း အားတစ်ခုပင်ဖြစ်သည်။ အစည်းအဝေး စတင်သည့် ပထမ(၅)ရက်တွင် အမွေအနှစ်စာရင်းဝင် ရရှိပြီးသော နိုင်ငံများ၏ ဆက်လက်ဆောင်ရွက် ထားရှိမှုများကို သုံးသပ်ဆွေးနွေးကြသည်ဖြစ်ရာ ထို(၅)ရက်လုံးလုံး မိမိတို့အတွက် အခွင်သာခဲ့သည်။ ဆုံးဖြတ်ပေးမည့် ကော်မတီအဖွဲ့ဝင် (၂၁)နိုင်ငံ အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မိမိတို့ အမွေအနှစ်အကြောင်း ရှင်းပြ၊တိုင်ပင်ဆွေးနွေးကြဘို့အချိန်ရခဲ့သည်။ကန့်ကွက်မည့် နိုင်ငံမရှိတာတော့ သေချာသည်။ ကော်မတီဝင် (၂၁)နိုင်ငံအနက် အနည်းဆုံး (၁၂)နိုင်ငံလောက်တော့ ထောက်ခံပေးဖို့လိုမည်။ ယခင် ကတည်း က ကော်မတီ သံအမတ်ကြီးများ၊ အဖွဲ့ခေါင်းဆောင်များနှင့် ရင်းနှီးခင်မင်မှုရှိသဖြင့် လိုလို လားလား ဆွေးနွေး  ရှင်းပြခွင့်ရသော်လည်း မိမိတို့အမွေအနှစ်တွင် သတ်မှတ်ထားသည့် စံတန်ဖိုး နှင့် လိုလောက်သည့်စီမံခန့်ခွဲရေး အစီအစဉ်များရှိမှသာ ၎င်းတို့က ထောက်ခံပေးနိုင် မည် ဖြစ်သည်။ သို့ကြောင့်လည်းမိမိတို့အဖွဲ့ဝင်တွေတစ်ချက်မှအလစ်မပေး၊အခြေအနေပေးလျှင် ပေးသလို ကော်မတီဝင်နိုင်ငံ အသီးသီးနှင့်တွေ့ဆုံ ရှင်းပြကြသည်။ သူများနားချိန်လည်း အလွတ် မပေး၊ ကော်ဖီသောက်ချိန်လည်း အလွတ်မပေး၊ အဖွဲ့ခေါင်းဆောင်အချင်းချင်း ဆွေးနွေးကြ၊ ပညာရှင် အချင်းချင်းရှင်းပြကြနှင့် ကြာတော့ မြန်မာကိုမြင်လျှင် ရှောင်ပြေးကြတော့မလားတောင် တွေးမိသည်။ ယခုတော့ ပြန်တွေး၊ ပြန်ပြော၊ ပြုံးစရာ၊ ရယ်စရာ၊ ထိုစဉ်ကတော့ အတော်ပင် စိတ်မောခဲ့ကြသည်။ ပါလာသော ဒေသခံအဖွဲ့ကလည်း စိတ်ပူကြသည်။ ဘာသာရေးလုပ်သူကလည်း မေတ္တာပို့ဆုတောင်း၊ မှတ်တမ်း တင်သူကတင်၊ စာအုပ်စာတမ်း ဝေငှသူက ဝေငှနှင့် တက်ညီလက်ညီရှိကြသည်။ ဤအချက်ကို နိုင်ငံတော်တော်များများက သတိထားမိ ဟန်တူသည်။ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံ များကလည်း မိမိတို့အပေါ် စာနာနေကြသည်။ အားပေးကြသည်။

(၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေး တက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ

(၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေး တက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ

လေးလေးနက်နက်ထောက်ခံ

          ဇွန်(၂၂)ရက် တနင်္ဂနွေနေ့တွင် မိမိတို့မြန်မာနိုင်ငံ၏အလှည့်က အစီအစဉ်(၇)ဖြစ်သည်။ နေ့လည် ထမင်းမစားမီလား၊ စားပြီးမှလား မသေချာ ဘတ်ဂျက်ကလည်း ချွေတာချင်တော့ ဝန်ထမ်း(၂)ဦးကိုသာ အစည်းအဝေး ပြီးဆုံးသည့် (၂၅)ရက်နေ့အထိ တက်ရောက်စေပြီး ကျန်အဖွဲ့ဝင်အားလုံးက (၂၂)ရက် ညတွင် မြန်မာနိုင်ငံသို့ ပြန်ရန် လက်မှတ်က စီစဉ်ပြီးနေပြီ။ ရှေ့ကနိုင်ငံတွေအပေါ် ဆုံးဖြတ်သွားကြ တာတွေကြည့်ပြီး အားရှိလိုက်၊ အားပြတ်လိုက်နှင့် မိမိတို့အဖွဲ့ဝင်တွေကလည်း စိတ်လှုပ်ရှားနေကြတော့ သူတို့ကိုလည်း တည်ငြိမ်အောင် နှစ်သိမ့်ရသေးသည်။ မိမိတို့ နိုင်ငံကို Inscribed လို့ ကြေညာလိုက်တာနဲ့ ညကတည်းက သပ်သပ်ရပ်ရပ်ထည့်ထားတဲ့ မြန်မာနိုင်ငံအလံကို စနစ်တကျထောင်နိုင်ဖို့ သတိထားရန် လည်း မှာရသေးသည်။ မိမိတို့အဖွဲ့ဝင်တွေ သိပ်ကြိုးစားကြသည်။ နောက်ဆုံး အချိန်အထိ မနား မနေ၊ ကော်မတီဝင် နိုင်ငံအဖွဲ့တွေ အစည်းအဝေးခန်းအပြင် ထွက်သွားလျှင် လိုက်သွားပြီး ထပ်မံ ဆွေးနွေး ကြနှင့် အတော်လေး အားစိုက်ခဲ့ကြသည်။ သဘာပတိအဖွဲ့က မေးလာလျှင် သတ်မှတ်အချက် တွင် ပြန်လည် ဖြေဆိုနိုင်ရန်လည်း ကောင်းသထက် ကောင်းအောင် ပြင်ဆင်ကြသည်။

       ဒေသစံတော်ချိန် (၁၁၅၀)နာရီ၊ မိမိတို့ မြန်မာနိုင်ငံအလှည့်ရောက်ပြီ။ သဘာပတိက ဖိတ်ခေါ်လိုက် သည်နှင့် စစ်ဆေးအကြံပေးအဖွဲ့ (ICOMOS)တာဝန်ရှိသူက ပျူရှေးဟောင်းမြို့များဆိုင်ရာ အချက်အလက် များနှင့် တကွ ၎င်းတို့၏ မှတ်ချက်ကို LED board ပေါ်တွင် တင်ပြဆွေးနွေးသည်။ ၎င်းတို့က Deferred ဟု မှတ်ချက်ပြု ခဲ့သည်။ ပြီးလျှင် သဘာပတိက ကော်မတီအဖွဲ့ဝင် (၂၁)နိုင်ငံ၏ သဘောထားမှတ်ချက်ကို ရယူသည့်အခါ မလေးရှား နိုင်ငံက စတင်ပြီး မြန်မာနိုင်ငံက တင်သွင်းထားသည့် ပျူမြို့ဟောင်းများနှင့် ပတ်သက်ပြီး ကမ္ဘာ့လုံးဆိုင်ရာ စံတန်ဖိုးရှိမှု များကို အသေးစိတ် ဖော်ထုတ်ရှင်းလင်းပြကာ ၎င်းတို့အနေနှင့် Inscribed အဖြစ် ထောက်ခံကြောင်း ဆွေးနွေး သွားသည်။ ၎င်းနောက် ဆွေးနွေးလိုသည့် နိုင်ငံများက တစ်နိုင်ငံပြီး တစ်နိုင်ငံ ၎င်းတို့ ဆိုင်းဘုတ်ကို ထောင်ထားကြသည်။ ကျေနပ်အားရှိမိပါသည်။ ဖိလစ်ပိုင်၊ ပိုလန်၊ ဂျာပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ခရိုအေးရှား၊ ဂျာမနီ၊ အယ်လဂျီးနီးယား၊ ကိုလံဘီယာ၊ တူရကီ၊ ဆီနီဂေါ၊ ကိုရီးယား၊ ဂျာမေကား၊ ကာဇက်ကစ္စတန်၊ ကာတာ၊ ဆာဗီးယား စသည့်နိုင်ငံ (၁၇)နိုင်ငံက ပျူမြို့ဟောင်းများ၏ ကမ္ဘာ့စံတန်ဖိုးများနှင့် ကိုက်ညီမှု၊ အရေးပါမှု၊ ရှားပါးတန်ဖိုးကြီးမှု၊ ဆောင်ရွက် သူတို့ ၏ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အားထုတ်မှုတို့ကို အသိအမှတ်ပြုဖော်ထုတ်ပြီး တခဲနက်ထောက်ခံ ကြသည်။ အားလုံးစိတ်ဝင်စားစွာ နားထောင်နေကြသည်။ ကန့်ကွက်မည့်နိုင်ငံမရှိ။ ဒေသ စံတော်ချိန် နေ့လည်(၁)နာရီတွင် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံ၏ သဘာပတိဖြစ်သူက ”There are no more comment of objection, I now declare decision 38 com 8B. 28 as adopted on amendment…… “ဟုတူထု ကြေညာလိုက် သည်။  မြန်မာအဖွဲ့ဝင်(၂)ဦးက မြန်မာနိုင်ငံအလံ လွှင့်ထူလိုက်သည်။ လက်ခုပ်သံများ ဆူညံ သွားတော့သည်။ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံ (၁၈၇)နိုင်ငံလုံး ကျေကျေနပ်နပ် အားပေးကြသည်။ ဝိုင်း၍ ဂုဏ်ပြုနှုတ်ဆက် ကြသည်။ အတော်နှင့် ကျေးဇူးတင်စကား ပြန်မဆိုနိုင်။ ပြီးမှ မိမိတို့နိုင်ငံအနေဖြင့် အားလုံးကို ကျေးဇူးတင်ကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည်တို့ကို စနစ်တကျ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဖို့ ထောက်ခံကြပါပြီ

ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဖို့ ထောက်ခံကြပါပြီ

ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဖို့ ထောက်ခံကြပါပြီ

ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဖို့ ထောက်ခံကြပါပြီ

(ဆက်လက်ဖော်ပြပါမည်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းသို့ လေ့လာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်  ဗိဿ နိုး မြို့ဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ၁၃-၆-၂၀၁၅ ရက်နေ့က လာရောက်လေ့လာခဲ့ပြီး ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်၊ ဗိဿနိုးမြို့ဟောင်းအတွင်းရှိ တူးဖော်မှု ကုန်းအမှတ် (၂ ၊ ၃ ၊ ၄)ရှိ စေတီ နှင့် ဘုန်းတော်ကြီးကျောင်း နှင့် ကုန်းအမှတ် (၂၈)ရှိ  အရိုးအိုးမြှုပ်နှံမှု ဓလေ့ဆိုင်ရာ တူးဖော် ထိန်းသိမ်းထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသခံများနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

လာရောက်ကြိုဆိုသည့် ဒေသခံ ပြည်သူများနှင့်

နိုင်ငံတော်သမ္မ ခရီးစဉ်တွင် လာရောက်ကြိုဆိုသည့် ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီး

ယခုအခါ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမို သဘောပေါက်နားလည်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရရှိပြီးဖြစ်သည်။ ထို့အပြင် ကမ္ဘာ့အမွေ အနှစ် ၀င်ရောက်ပြီးသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသများသို့ ခရီးသွားဧည့်သည်များ ပိုမို ၀င်ရောက်လေ့လာကြကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတကြီး ဗိဿနိုး ကုန်းအမှတ် (၂၊၃၊၄)သို့ရောက်ရှိစဉ် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ရှင်းလင်းတင်ပြ

နိုင်ငံတော်သမ္မတကြီး ဗိဿနိုး ကုန်းအမှတ် (၂၊၃၊၄)သို့ရောက်ရှိစဉ် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ကုန်းအမှတ်(၂၊၃၊၄) ထိန်းသိမ်းခြင်းဆိုင်ရာနှင့် သမိုင်းအချက်အလက်များကို ရှင်းလင်းတင်ပြ

ကုန်းအမှတ် (၂၊၃၊၄) သို့ ကြည့်ရှုလေ့လာ

ကုန်းအမှတ် (၂၊၃၊၄) သို့ ကြည့်ရှုလေ့လာ

ကုန်းအမှတ်(၂၈)သို့ ကြည့်ရှုလေ့လာ နေစဉ်

ကုန်းအမှတ်(၂၈)သို့ ကြည့်ရှုလေ့လာ နေစဉ်

 

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်တွင် ကြည့်ရှုလေ့လာနေစဉ်

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်တွင် ကြည့်ရှုလေ့လာနေစဉ်

ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ

စန္ဒာခင်(ယဉ်ကျေးမှု)

အပိုင်း(၄)

ခက်ခက်ခဲခဲ

          ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရှေးဦးစွာ စာတွဲ မူကြမ်း (Draft Nomination Dossier)ကို ယူနက်စကို၊ ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန (World Heritage Centre)သို့ တင်သွင်းခဲ့သည်။ ကမ္ဘာ့အမွေအနှစ် ဗဟိုဌာနက မြေပုံများ အပါအဝင် လိုအပ်ချက်များရှိကြောင်း ဖော်ပြ၍ တောင်းခံခဲ့သဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ပြင်ပ ကုမ္ပဏီများ၏ အကူအညီရယူကာ လိုအပ်သည့် မြေပုံများ ထပ်မံပြုစုပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ကမ္ဘာ့အမွေအနှစ် ဗဟိုသို့ ဖြည့်စွက်တင်ပြချက် (Additional Information I)ကို ပေးပို့ခဲ့သည်။

          ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပြီးပြည့်စုံသော စာတွဲ (Complete Nomination Dossier) ကို အချိန်မီတင်သွင်းနိုင်ခဲ့သည်။သို့သော်လိုအပ်ချက်များရှိနေသေးသဖြင့်လက်မခံကြောင်း ပြန်ကြားလာပြန်သည်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် တင်သွင်းပါမှ ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် ကမ္ဘာ့အမွေ အနှစ် ကော်မတီ ညီလာခံ(World Heritage Committee)တွင် ဆုံးဖြတ်ချက်ရမည် ဖြစ်သည်။ ပျူမြို့ဟောင်းများ ကြီးကြပ်ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌအနေဖြင့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ထံသို့ ဆက်သွယ်ပြီး ကမ္ဘာ့အမွေအနှစ် ဗဟိုဌာနက အကြောင်းကြားလာသော လိုအပ်ချက်များကို အချိန်မီ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ယခု စာတွဲ တင်သွင်းမှုကို လက်ခံ ပေးစေ လိုကြောင်း၊ …….. စသည်ဖြင့် မေတ္တာရပ်ခံခဲ့သည်။

          သို့ကြောင့် ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သော စာတွဲကို လက်ခံ လိုက်ပါကြောင်းနှင့် စစ်ဆေးရေးအဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။ မိမိတို့ ဘက်ကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ကာ (Additional Information II)ကို ထပ်မံတင်သွင်း ပေးပို့ခဲ့သည်။ ပထမဦးဆုံး အတွေ့အကြုံဖြစ်သည်နှင့်အညီ စစ်ဆေး အကြံပေးအဖွဲ့ လာရောက် စစ်ဆေးရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရေး၊ အကဲဖြတ်စစ်ဆေးမှုတွင် ရလဒ်ကောင်းစေရေးအတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်နိုင်ရန် ပညာရှင်ကြီးများ ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

pr 2-2အထူးပင် လေးစားစရာ

          ဤတွင် မဖြစ်မနေ ဖော်ပြလိုပါသည်။ စစ်ဆေးအကြံပေးအဖွဲ့ လာရောက် မစစ်ဆေးမီ မိမိတို့ဘက်က အချိန်မီ ကွင်းဆင်းရမည်ဖြစ်ရာ သက်ဆိုင်ရာ လူငယ်ဝန်ထမ်းများနှင့်အတူ ဆရာကြီးများပါ လိုက်ပါ ကွင်းဆင်း ခဲ့ကြသည်။ မိုးရာသီ ဇူလိုင်လ၊ ပျူမြို့ဟောင်း(၃)မြို့လုံး ခရီးရှည်၊ မိုးထဲလေထဲတွင် အသက်ပင် (၈၀)ကျော်ပြီ ဖြစ်သော်လည်း ဆရာကြီး ဒေါက်တာခင်မောင်ညွန့်က စိတ်အားထက်သန် စွာဖြင့်   လိုက်ပါခဲ့သလို  ၊ ပညာရှင် အငြိမ်းစားဆရာကြီးများ ဖြစ်ကြသည့် ဒေါက်တာတိုးလှ၊                        မနုဿ ဦးကျော်ဝင်း၊ ဒေါက်တာကျော်လတ်၊ ဦးစန်းဝင်း တို့၏ စေတနာ ထက်သန်မှုသည် မျိုးဆက်သစ် များအတွက် အတုယူစရာ၊ အထူးပင် လေးစား ဂုဏ်ယူစရာ ဖြစ်စေ သည်။

စစ်ဆေးကြပြီ

          စစ်ဆေးအကြံပေးအဖွဲ့ (Advisory Bodies of ICOMOS – INTERNATIONAL COUNCIL ON MONUMENTS AND SITES )က ကျွမ်းကျင်ပညာရှင် သြစတြေးလျနိုင်ငံသူ Dr. Susan Mc. Iymotos က ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်း တို့ကို လည်းကောင်း၊ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဟန်လင်းမြို့ဟောင်းကိုလည်းကောင်း ကွင်းဆင်း စစ်ဆေး ခဲ့သည်။ သေချာစွာ လေ့လာ စစ်ဆေးနိုင် ရေးအတွက် နိုင်ငံတော်ကလည်း ရဟတ်ယာဉ် ပံ့ပိုးပေးခဲ့ သဖြင့် ကောင်းကင်မှရော၊ မြေပြင်မှာပါ ကောင်းစွာ လေ့လာ စစ်ဆေးနိုင်ခဲ့သည်။ အမွေအနှစ်တို့၏ ထူးခြားထင်ရှားသည့် တန်ဖိုးကို မြင်တွေ့နိုင်သလို သက်ဆိုင်ရာ ဇုန်များအတွင်း ဟိုးယခင်က တူးထားသော မြေနီကျင်းများ၊  ကျောက်စရစ်ကျင်းများ ၊ ရွှေကျင်ထားသည့်နေရာများ စသည့် စီမံခန့်ခွဲမှု ဆိုင်ရာ အားနည်းချက်များကိုလည်း ထောက်ပြခံခဲ့ရပါသည်။

ယဉ်ကျေးမှုဒုတိယ၀န်ကြီးနှင့် ICOMS Expert မှ ပျူမြို့ဟောင်းများသို့ လာရောက်စစ်ဆေးနေစဉ်

ယဉ်ကျေးမှုဒုတိယ၀န်ကြီးနှင့် ICOMS Expert မှ ပျူမြို့ဟောင်းများသို့ လာရောက်စစ်ဆေးနေစဉ်

ယဉ်ကျေးမှုဒုတိယ၀န်ကြီးနှင့် ICOMS Expert မှ ပျူမြို့ဟောင်းများသို့ လာရောက်စစ်ဆေးနေစဉ်

ယဉ်ကျေးမှုဒုတိယ၀န်ကြီးနှင့် ICOMS Expert မှ ပျူမြို့ဟောင်းများသို့ လာရောက်စစ်ဆေးနေစဉ်

     ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ အကြံပေးအဖွဲ့(ICOMOS)၏ ဆုံးဖြတ် ချက် ဖြစ်သော ” Deferred” ကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနမှ မြန်မာနိုင်ငံသို့ အကြောင်းကြားခဲ့ပါသည်။ ဤနေရာတွင် အနည်းငယ် ရှင်းပြလိုပါသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး တင်သွင်းသည့် အမွေအနှစ်များကို နှစ်စဉ် ဇွန်လတွင် ကျင်းပသော ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံတွင် ဆုံးဖြတ်ကြေညာပါသည်။ ဦးစွာ အကြံပေး စစ်ဆေးရေးအဖွဲ့ (ICOMOS) က (က) တင်ပြလာသော စာတွဲကို စစ်ဆေးခြင်း၊ (ခ) အမွေအနှစ်နေရာအား ကွင်းဆင်းစစ်ဆေးခြင်းပြုပြီး နောက်ဧပြီလတွင် ၎င်းတို့၏ဆုံးဖြတ်ချက်ကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနသို့ ပေးပို့ပါသည်။ ၎င်းဌာနက သက်ဆိုင်ရာနိုင်ငံသို့ အကြောင်းကြားကာစစ်ဆေးရေးအဖွဲ့၏မှတ်ချက်နှင့်ပတ်သက်ပြီးသက်ဆိုင်ရာ နိုင်ငံက ပြန်လည်ရှင်းလင်း   ချေပနိုင်ပါသည်။ တစ်နည်းအားဖြင့် (Factual Error)အချက်အလက် အထောက်အထား ဆိုင်ရာ မှားယွင်းကြောင်း တင်ပြချက်ကို ပြန်လည်တင်ပြနိုင်ပါသည်။ ၎င်းနောက် ဇွန်လတွင် ကျင်းပသော ကမ္ဘာ့ အမွေအနှစ်ညီလာခံတွင် နောက်ဆုံးအဆင့်အနေဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အဖွဲ့ဝင်(၂၁)နိုင်ငံက ဆုံးဖြတ် ပါသည်။

ဆုံးဖြတ်ချက် (၄)မျိုး

          Inscribed       –    ကမ္ဘာ့စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း

          Referred        –    အနည်းငယ်ပြင်ဆင်ဖြည့်စွက်ရန်တို့ကို ဆောင်ရွက်ပြီး နောက်နှစ်တွင်

                                       ကမ္ဘာ့စာရင်းဝင် ဖြစ်ခြင်း

        Deferred           –    ကမ္ဘာ့စာရင်းဝင်နိုင်သော စံချိန်စံညွှန်းများ ပြည့်စုံသော်လည်း အချို့လိုအပ်ချက်

                                    များ၊ ဖြည့်စွက်ရေးသားခြင်း၊စီမံခန့်ခွဲမှုများ ဆောင်ရွက်ရန်တို့ကို ဆောင်ရွက်ပြီးမှ

                                       စစ်ဆေးရေး အဖွဲ့က ပြန်လည်စစ်ဆေးပြီး စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း

                                     (၂ နှစ် မှ ၃ နှစ် အထိ ထပ်မံကြာမြင့်ပါသည်)

     Not to be       –    ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်သည့် အခြေအနေမဟုတ်ခြင်း၊

     inscribed

စစ်ဆေးအကြံပေးအဖွဲ့ (ICOMOS) က မိမိတို့ မြို့ဟောင်းများအပေါ် ဆုံးဖြတ်ချက်ဖြစ်သည့် Deferred ဆိုသည်ကို ပြန်လည်ဖြေရှင်းခွင့် (အမှားပြင်ဆင်ချက်)ရှိသည်နှင့်အညီ  ပြန်လည် ဆန်းစစ်ကြရပါသည်။ မိမိတို့ဘက်က ပညာရှင်များနှင့် ယူနက်စကိုက ပညာရှင်များ၊ စာတွဲပြုစုရေးဆွဲစဉ်က ပါဝင်ခဲ့သူများ၊ အခြားနိုင်ငံခြားများက ကမ္ဘာ့အမွေအနှစ်အတွေ့အကြုံ အသိမိတ်ဆွေ ကျွမ်းကျင်ပညာရှင်များနှင့် ပလူပျံအောင် ဆက်သွယ် ဆောင်ရွက်ကြရပါ တော့သည်။

     စစ်ဆေးရေးအဖွဲ့၏ ထောက်ပြချက်များတွင် မိမိတို့ဘက်က လိုအပ်သည်များ၊ ဆက်လက် ဆောင်ရွက် ရန်များရှိသလို၊ စစ်ဆေးသူတို့ဘက်ကလည်း ပျူခေတ်နှင့် ပတ်သက်သည်တို့ကို ကောင်းစွာ သဘောမပေါက်၍  ထောက်ပြသည်လည်း ဖြစ်သည့် အတွက် ၎င်းတို့ကို ပြန်လည်ဖြေရှင်းနိုင်ခဲ့ပါသည်။ မည်သို့ဆိုစေ စိတ်ပူစရာတော့ ဖြစ်နေပြီ။

     ယခုနှစ် ကျင်းပမည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် စာရင်းဝင်အဖြစ် ဆုံးဖြတ် ချက်ချဖို့ ဖြစ်မှဖြစ်နိုင်ပါ့မလား၊ ဒီတစ်ခုမရသေးလျှင် ရှေ့ဆက်တင်သွင်းမည့် အမွေအနှစ် များအတွက် ဆက်တိုက် နောက်ကျသွားတော့မည်။ အချို့ကလည်း Inscribed အထိတော့ အဆင့်ကျော်၍ မရနိုင်။ Referred အဆင့် အထိလောက်သာရကောင်းရနိုင်သည်ဟု သုံးသပ်ကြသည်။ ကံအားလျော်စွာ ပြင်သစ်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဝန်ကြီးက ဖိတ်ကြားလာသဖြင့် ပါရီမြို့သို့ သွားရောက် ခဲ့ကြပါသည်။

ဆက်လက်ဖော်ပြပါမည်။

ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ

စန္ဒာခင် (ယဉ်ကျေးမှု)

အပိုင်း(၃)

   ကမ္ဘာ့အမွေအနှစ်စာရင်းဝင် “ပျူမြို့ဟောင်းများ” နှင့်ပတ်သက်၍ အပိုင်း(၁)(၂)တွင် ကမ္ဘာ့အဆင့် သတ်မှတ်ခြင်းဆိုင်ရာအချက်အလက်များ၊စံတန်ဖိုးများနှင့်စီမံဆောင်ရွက်ထားရှိမျှုများကို  ဖော်ပြပြီးဖြစ်သည်။ ယခု အပိုင်းတွင် ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်ကို ဖော်ပြသွားပါမည်။

နောက်ခံအကျဉ်း

          ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ်များ၊ ယဉ်ကျေးမှုနှင့် သဘာဝရောနှောနေသည့် အမွေအနှစ်များကို ပိုင်ဆိုင်ထားကြရာ အဆိုပါ အမွေအနှစ် များကို ရေရှည်တည်တံ့စေရေး၊ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကွန်ဗင်းရှင်း (Convention concerning the Protection of the World Cultural and Natural Heritage, 1972) သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကွန်းဗင်းရှင်းဝင်နိုင်ငံများအနေနှင့် မိမိနိုင်ငံ၏ အမွေအနှစ် များကို ကမ္ဘာ့အမွေအနှစ် တင်သွင်းခွင့်ရှိမည်ဖြစ်သည်။ ယခုအခါ ကွန်ဗင်းရှင်းအဖွဲ့ဝင် (၁၈၇)နိုင်ငံရှိပြီး ကမ္ဘာ့ အမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် (၂၁)နိုင်ငံကို ၎င်းတို့အနက်မှ ထပ်မံရွေးချယ်တင်မြှောက် ကြပါသည်။

     မြန်မာနိုင်ငံအနေနှင့်လည်း မိမိတို့၏ အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အဆိုပါ World Heritage Convention သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။

          ၁၉၉၅ ခုနှစ်တွင် ပုဂံကို ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး တင်သွင်းခဲ့သည်။ သို့သော် ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းလိုလျှင် ဦးစွာအဆိုပြုစာရင်း Tentative List ကို ပြုစု တင်သွင်းရပါသည်။ ၁၉၉၆ ခုနှစ်တွင် ပြဒါးလင်းဂူ၊ ပုဂံ၊ ပျူမြို့ဟောင်းများ၊ မြောက်ဦးစသည့်တို့ အပါအဝင် အမျိုးသားယဉ်ကျေးမှု အမွေ အနှစ် (၈)ခုကို ယူနက်စကိုသို့ အဆိုပြု အမည်စာရင်း တင်သွင်းခဲ့သည်။

          ၁၉၉၇ ခုနှစ် ကျင်းပသော ယူနက်စကို၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် မိမိတို့ တင်သွင်းသော အဆိုပြုစာရင်းများနှင့်ပတ်သက်၍ ဦးစွာဆောင်ရွက်ထားရမည်တို့ကို ယူနက်စကို က အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်။

  • ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပြဋ္ဌာန်းရန်၊
  • သက်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်ဒေသများအတွက် ဇုန်နယ်နိမိတ်များ သတ်မှတ်ရန်၊
  • ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် စီမံခန့်ခွဲမည့် အစီအစဉ် များ ရေးဆွဲရန်။

    သို့ဖြစ်ရာ ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၁ ခုနှစ်တွင် နည်းဥပဒေများကို ဆက်တိုက် ထုတ်ပြန် ပြဋ္ဌာန်း ခဲ့ပါသည်။

s      ထို့အတူ ယဉ်ကျေးမှုအမွေအနှစ်ဒေသ အသီးသီးကိုလည်း ဦးစားပေးအလိုက် ဇုန်နယ်နိမိတ်များ သတ်မှတ် ပြဋ္ဌာန်းခဲ့သည်။ ယခုအခါ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဇုန် (၄၆)ဇုန် ရှိပြီ ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်း အနေဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးရှိ ယဉ်ကျေးမှုအမွေအနှစ်များအနက်

  • သမိုင်းတန်ဖိုး (Historical Value)
  • ရှေးဟောင်းသုတေသနတန်ဖိုး (Archaeological Value)
  • ဗိသုကာနှင့် အနုလက်ရာတန်ဖိုး (Architectural and Artistic Value)
  • ပျက်စီးရန်အတွက် စိုးရိမ်သည့် အခြေအနေ (Monument in Danger) တို့အပေါ် မူတည်ပြီး ဦးစားပေး ထိန်းသိမ်း လျက်ရှိသည်။

ပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ်ရရှိရေး ဆောင်ရွက်မှုအဆင့်ဆင့်

          အဆိုပါ အချက်များကို ဆောင်ရွက်လျက် တစ်ဖက်မှလည်း မိမိတို့ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့စာရင်းဝင်ဖြစ်ရေးအတွက် ယူနက်စကိုနှင့် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

          ၂၀၀၈ ခုနှစ်တွင် အဆိုပြုထားသည့် အမွေအနှစ်စာရင်းများအား ပြန်လည် သုံးသပ်ပြီး ၂၀၁၀ ခုနှစ်တွင် ပျူမြို့ဟောင်း(၃)ခုကို ဦးစွာရွေးချယ်ခဲ့ကြသည်။ ဘာကြောင့် ဦးစားပေး ရွေးချယ်ခဲ့သည်ကို အပိုင်း(၁)တွင် ဖော်ပြပြီး ဖြစ်သည်။ဦးဆုံးတင်သွင်းခဲ့သည့်အမွေအနှစ်ကိုအထစ်အငေါ့မရှိ  မြန်မြန်ဆန်ဆန် ရရှိစေလိုသဖြင့် စီမံခန့်ခွဲမှု အတွက် အခက်အခဲနည်းမည့် အချက်ကိုလည်း စဉ်းစားရပါသည်။ သို့ဖြစ်ရာ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများဆိုင်ရာ သတင်းအချက်အလက်၊ အထောက်အထားများ စုဆောင်းခြင်း၊ မှတ်တမ်းတင်စာရင်း ပြုစုခြင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းဆိုင်ရာ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ တက်ရောက်ခြင်း၊ လေ့လာသင်ကြား အတွေ့အကြုံယူခြင်း များ  ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ယူနက်စကိုနှင့် နိုင်ငံတကာ (အီတလီနိုင်ငံ)တို့မှ နည်းပညာ အကူအညီနှင့် ဘဏ္ဍာငွေ အထောက်အပံ့ ရရှိခဲ့ရာ ယူနက်စကို အဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များပါဝင်၍အဆိုပြုစာတွဲ(NominationDossier) ပြုစုရေးသားခဲ့ကြသည်။  ပြည်တွင်းပညာရှင်များ အနေဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများက ဘာသာရပ်ဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာအသင်းမှ ပညာရှင်များ၊ မိမိတို့ ဌာနက အငြိမ်းစားပညာရှင်ကြီးများ၊ သမိုင်းပညာရှင်ကြီးများ ပါဝင်ခဲ့သလို ပြည်ပပညာရှင်များ (International Experts) အနေဖြင့် အခြားနိုင်ငံများ၏ ကမ္ဘာ့အမွေ အနှစ်ရရှိရေး အတွက် ဆောင်ရွက်ခဲ့ရာတွင် များစွာအတွေ့အကြုံရှိခဲ့သော ယူနက်စကို ပညာရှင် များ ဖြစ်ကြသည့် အမေရိကန် နိုင်ငံသား Dr. Richard Engelhdt ၊ ပြင်သစ်နိုင်ငံသား Mr. Pierre Pichard ၊ အီတလီနိုင်ငံသား Dr. Mauro Cucarzi ၊ ပျူနှင့်ပတ်သက်၍ နှစ်ပေါင်း (၄၀)ခန့် သုတေ သန ပြုထားသူ အင်္ဂလန်နိုင်ငံ Cambridge University မှ ပါမောက္ခ Dr. Janice Stargard , SOAS University မှ သုတေသီ Dr. Elizabeth Moore တို့ အပါအဝင် ပညာရှင် (၇)ဦး ပါဝင်ကြသည်။

       အဆိုပြု စာတွဲရေးသားပြုစုရာတွင် ပျူမြို့ဟောင်း (၃)ခုလုံးရှိ အမွေအနှစ်ပစ္စည်းများ၊ အဆောက်အအုံ တစ်ခုချင်း အသေးစိတ် ဓာတ်ပုံ၊ ပုံဆွဲ၊ မြေပုံမှတ်တမ်းမှတ်ရာ အချက်အလက်များနှင့် ဖော်ပြခြင်း၊ သုတေသန ပြုထားမှုများ၊ ကာကွယ်ထိန်းသိမ်းထားရှိမှုများ၊ ပထဝီမြေပြင်ဆိုင်ရာ သတင်းအချက်အလက် အထောက်အထားများ၊ အဆိုပါ မြေပေါ်မြေအောက် ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများနှင့် ဆက်စပ်လျက်ရှိသော လူမှုအဖွဲ့အစည်း၏ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများ  ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်မည့်စီမံခန့်ခွဲမှုအစီအစဉ်တို့ကိုသတ်မှတ်ထားသောစာတွဲပုံစံ  နှင့် ရေးသားတင်ပြ ခဲ့ပါသည်။

NominationDossierBook

     တစ်ဖက်ကလည်း ယူနက်စကိုက ကျွမ်းကျင်ပညာရှင်များ စီစဉ်ပေးပြီး ဝန်ထမ်းများ စွမ်းရည်မြှင့်သင်တန်း၊ ထိန်းသိမ်းရေးသင်တန်း၊ သုတေသနပြုခြင်း၊ မြေပြင် ပထဝီဆိုင်ရာ သင်တန်း (Geographical Information System) များကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများသည် အချိန်မီ တင်ပြရမည့် စာတွဲတွင် အချက်အလက်၊ အကြောင်းအရာများ ကြွင်းကျန်ရစ်မှု မရှိဘဲ ပြည်စုံစွာ ဖော်ပြနိုင်ရေးအတွက် ကြိုးစားနေရသလို၊ ကွင်းဆင်းသုတေသန ဝန်ထမ်းများကလည်း လိုအပ်သောအထောက်အထား၊ အချက်အလက်များအချိန်မီ ပေးနိုင်ရေးအတွက်လည်း  ဆောင်ရွက်ခဲ့ရပါ သည်။

          ပျူရှေးဟောင်းမြို့များ ကမ္ဘာ့အမွေအနှစ်စာရင်းပါဝင်နိုင်ရေးအတွက် ဌာနရှိ ဝန်ထမ်းများ မိမိတို့၏ သက်ဆိုင်ရာ၊ ကျွမ်းကျင်ရာ၊ ကျရာအခန်းမှ ပါဝင် ဆောင်ရွက်ခဲ့ကြသည်။ စီမံခန့်ခွဲရေး၊ သုတေသနနှင့် ထိန်းသိမ်းရေး ဟူသော လုပ်ငန်း ကဏ္ဍအသီးသီးတွင် ပုံမှန်ထက်ပို၍ အားစိုက် ဆောင်ရွက်ခဲ့ကြရသည်။

ဟန်လင်း ကုန်းအမှတ် HL-9 အား ကြည့်ရှုစစ်ဆေးစဉ်

ဟန်လင်း ကုန်းအမှတ် HL-9 အား ကြည့်ရှုစစ်ဆေးစဉ်

          အဆိုပြု စာတွဲ ရေးသားပြုစုရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သကဲ့သို့ ပညာရှင်များအဖွဲ့၊ အကြံပေးအဖွဲ့၊ ပျူမြို့ဟောင်းများ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ (PYU Cities Coordination Committee – PYU COM) ဖွဲ့စည်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အသီးသီးတို့က အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၊ မြေတိုင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ကလည်း ၎င်းတို့၏ ဌာနလုပ်ငန်း တာဝန်က တစ်ဖက်၊ ယဉ်ကျေးမှုအမွေအနှစ်အတွက် ဆောင်ရွက် ပေးရသည်က တစ်ဖက် အတော်လေးတော့ ပင်ပန်းခဲ့ကြသည်။

          တစ်ပြိုင်နက်တည်း ဆောင်ရွက်ရတာတွေက မသက်သာလှပါ။ ဒေသခံပြည်သူများ နားလည်လာပြီး ဝိုင်းဝန်း ပါဝင်ရေးကလည်း အရေးပါလှသည်။ ကျေးရွာ (၃)၊ (၄)ရွာ စုပြီး အသိပညာပေးရသည်လည်း ရှိသည်။ တစ်အိမ် တက်ဆင်း လိုက်လံရှင်းလင်းပြခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ရုံးများတွင် စုဝေး၍ သွားရောက်ရှင်းပြခြင်း၊ သတင်း media အကူအညီ၊ အနုပညာရှင်တို့၏ အကူအညီဖြင့်လည်း ဘက်ပေါင်းစုံက အသိပညာ ဖြန့်ဝေခြင်း၊ စည်းရုံးခြင်းတို့ ဆောင်ရွက်ခဲ့ကြ သည်။ ဒေသခံများကလည်း လိုလိုလားလား အားတက်သရောပင်၊ သက်ဆိုင်ရာ မြို့ဟောင်း(၃)နေရာ လုံးမှာ စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းကြသည်။ မိမိတို့နှင့်ပူးပေါင်း၍ လည်းကောင်း၊ ၎င်းတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊  ဒေသခံပြည်သူများ၊ ကျောင်းသားများကိုအမွေအနှစ်ရှိရာ  နေရာများသို့   လေ့လာရေး ခရီးစဉ်နှင့်အတူ ဟောပြောပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင် ၊ ပြည်မြို့တွင်ဒေသခံ ပြည်သူ များကို အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်စဉ်

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင် ၊ ပြည်မြို့တွင်ဒေသခံ ပြည်သူ များကို အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်စဉ်